ချဲလ်ဆီးနဲ့ပွဲမှာ လူစားဝင်အပြီး ကာဗာနီဆီကနေ သူယုံကြည်ထားတဲ့အရာကို ထုတ်ပြောခဲ့တဲ့ဆိုးလ်ရှား
|အသင်းကို တနှစ်စာချုပ်နဲ့ ရောက်ထားတဲ့ ကာဗာနီရဲ့ပွဲထွက်ကို ချဲလ်ဆီးနဲ့ပွဲမှာ ဆိုးလ်ရှားတယောက် လူစားဝင်အနေနဲ့ထည့်သုံးခဲ့ပါတယ်။ ၀င်လာပြီးတခဏမှာပဲ ဂိုးရဖို့ အနီးစပ်ဆုံးအနေအထားအထိကို ရောက်ခဲ့ပေမဲ့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့ ကာဗာနီအတွက် ဂိုးမရခဲ့ပါဘူး။ ကစားသမားဘ၀ ကလပ်သွင်းဂိုး (၃၄၁)ဂိုးအထိ ရှိထားတဲ့ ကာဗာနီအတွက် သူ့ရဲ့အဆုံးသတ်တွေဟာ ကမ္ဘာ့အဆင့်ဝင်နေဆဲဆိုကိုပြသခဲ့ပါတယ်။
ဒီစွမ်းဆောင်ရည်ကို မြင်သွားတဲ့ ဆိုးလ်ရှားတယောက် ကာဗာနီဆီကနေ သူရနိုင်မယ့်အရာတွေကို ယုံကြည်သွားခဲ့ပါပြီ။ တချိန်က စီးရီးအေနဲ့ လီဂူဝမ်းရဲ့ရွှေဖိနပ်ဆုရှင်အတွက် ပွဲအပြီးမှတ်ချက်က အတော်လေးကို ပရိသတ်ကို ကျေနပ်စေခဲ့ပါတယ်။ ” ၀င်လာတဲ့ခဏလေးမှာပဲ သူဘာလုပ်နိုင်လဲကို ပြခဲ့တယ်။ ဂိုးဧရိယာထဲမှာ ကာဗာနီရှိနေတယ် ဆိုတာမျိုးကို ကျွန်တော်တို့ကို ပေးစွမ်းလိမ့်မယ်။’
” ပွဲထဲမှာတုန်းက ဂိုးနားကို ပြေးသွားတာမျိုးလုပ်ပြခဲ့တယ်။ အသာအယာလေးပဲပြေးသွားတာ၊ သီယာဂိုဆေးလ်ဗားရဲ့ ဘလော့ခ်က တော်တော်ကောင်းလို့သာ ဂိုးမရလိုက်တဲ့ နောက်တလုံးလည်းရှိသေးတယ်။ အဲဒါကတွေက ကာဗာနီအတွက် ကောင်းတဲ့အရာတွေဖြစ်လိမ့်မယ်။ ကာဗာနီမှာ ထက်မြက်တဲ့ အရွေ့ပုံစံမျိုးရှိတယ်။ တကယ့်ကို အတွေ့အကြုံရင့်ကျင်နေတဲ့ ဗဟိုတိုက်စစ်မှူးမျိုး။’
” သူ့ဆီကို ကျွန်တော်တို့ ဘောလုံးရောက်အောင် ပေးနိုင်တာမျိုး ဒါမှမဟုတ် ဧရိယာနားမှာ ပေးနိုင်တာမျိုး လုပ်ပေးနိုင်ရင် ကျွန်တော်တို့ ကာဗာနီဆီက ဂိုးတွေရလိမ့်မယ်။ သူရောက်လာပြီးနောက်ပိုင်းမှာ ထရိန်နင်မှာလည်း တကယ့်ကိုကောင်းတဲ့ လွှမ်းမိုးမှုမျိုးရခဲ့ပြီးသား။ ဒါပေမဲ့ သူ့အနေနဲ့ ထက်မြက်တဲ့အနေအထားပြန်ဖြစ်လာဖို့ အချိန်ယူရမယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပြီးသားပါ” လို့ဆိုခဲ့ပါတယ်။
ဆိုးလ်ရှားယုံကြည်နေတဲ့အတိုင်းပဲ ကာဗာနီဆီက ဂိုးတွေရဖို့က သိပ်မခက်တော့ပါဘူး။ ၀င်လာလာချင်းမှာပဲ ဗဟိုတိုက်စစ်မှူးတွေ ဂိုးရဖို့ ဘယ်လိုရွေ့လျားရတယ်ဆိုတာကို ကာဗာနီပြသခဲ့ပြီး၊ ယူနိုက်တက်လိုချင်နေတဲ့ တိုက်စစ်ကစားဟန်ကို ပြသခဲ့ပါတယ်။ လူစားဝင်ပထမပွဲအတွင်းမှာပဲ ဂိုးရဖို့ အတော်လေးနီးစပ်ခဲ့တာက ကာဗာနီဟာ နောက်ပွဲတွေမှာ ပွဲထွက်ပါဝင်ကစားလို့ ရနေတာတော့ အမှန်ပါပဲ။
Thu Yay – MMUN