ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဘယ်သူမှမတင်ဖူးသေးတဲ့ စံချိန်သစ်တခုကို တင်ပြလိုက်တဲ့ စီရော်နယ်ဒို
|ဆာဆူအိုလိုကို အနိုင်ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ ၃-၁ ပွဲစဉ်မှာ စီရော်နယ်ဒိုဟာ သွင်းဂိုးတဂိုးပါဝင်ပတ်သက်ခဲ့ပါတယ်။ ၉၀+၂ မိနစ်မှာ ဂိုးရယူခဲ့ပြီးနောက် စီရော်နယ်ဒိုဟာ ဒီနှစ်ရာသီမှာ စီးရီးအေသွင်းဂိုး ၁၅ ဂိုးအထိရှိလာခဲ့ပါတယ်။
ကမ္ဘာ့သွင်းဂိုးအများဆုံး စံချိန်ရှင် ဂျိုးဆက်ဘီကွန်ရဲ့ စံချိန်ကိုမီတယ်လို့ ဖော်ပြနေကြပေမဲ့ ၈၀၅ ဂိုးဖြစ်တာကြောင့် စီရော်နယ်ဒိုအနေနဲ့ မမီသေးဘူးလို့ ဝေဖန်နေကြပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ ဘယ်သူမှမတင်ဖူးသေးတဲ့ စံချိန်တခုကို တင်သွားခဲ့ပါတယ်။ အဲဒါက ၁၅ နှစ်ဆက်တိုက် လိဂ်ဂိုး ၁၅ ဂိုးကိုသွင်းနိုင်တဲ့ ကမ္ဘာပေါ်က တဦးတည်းသော ကစားသမားဖြစ်လာတာပါ။
စီရော်နယ်ဒိုရဲ့စံချိန်က ဘယ်လိုမှလိုက်လုပ်ဖို့ မလွယ်ကူတဲ့အပြင် ၁၅ နှစ်အတွင်း နှစ်တိုင်းလိဂ်ဂိုး ၁၅ ဂိုးသွင်းရမှာဖြစ်ပါတယ်။ အသက် ၃၅ နှစ်သားဟာ ဒီစံချိန်ကို လွန်ခဲ့တဲ့ ၁၅ နှစ်၊ ၂၀၀၆-၀၇ ရာသီမှာ စတင်ယူခဲ့ပါတယ်။ နှစ်အလိုက်အနေနဲ့ ဖော်ပြရရင် ၁၇ ဂိုး၊ ၃၁ ဂိုး၊ ၁၈ ဂိုး၊ ၂၆ ဂိုး၊ ဂိုး၄၀၊ ၄၆ ဂိုး၊ ၃၄ဂိုး၊ ၃၁ ဂိုး၊ ၄၈ ဂိုး၊ ၃၅ဂိုး၊ ၂၅ဂိုး၊ ၂၆ ဂိုး၊ ၂၁ ဂိုး၊ ၃၁ ဂိုး ဆိုပြီး ၁၄ နှစ်ဆက်တိုက်ဂိုးသွင်းယူခဲ့ပါတယ်။
လက်ရှိ ၁၅ နှစ်မြောက်မှာတော့ စီးရီးအေမှာ ၁၅ ဂိုးရထားပါပြီ။ ၁၅ နှစ်ဆက်တိုက်ကို ၁၅ ဂိုးအထက် သွင်းပြီးချိန်မှာ လက်ရှိစီးရီးအေရဲ့ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်းရပ်တည်နေပါတယ်။ ဂျူဗင်တပ်အသင်းကလည်း ရော်နယ်ဒိုရဲ့ရုန်းအားတွေနဲ့အတူ အမှတ်ပေးဇယားအဆင့် ၄ ကို ရောက်လာနေပြီး၊ အမှတ်ပေးဇယားထိပ်က အေစီမီလန်ကို ဖိအားပေးဖို့ ကြိုးစားနေပါတယ်။
နောက်လာမယ့် ပွဲစဉ်ကတော့ ကိုပါအီတလီယာပွဲစဉ်အဖြစ် ဂျီနိုအာကို ရင်ဆိုင်သွားရမှာဖြစ်တဲ့တွက် ရော်နယ်ဒိုဟာ စီးရီးအေမှာ အစွမ်းပြဖို့ ဂျီနိုအာပွဲအပြီး အင်တာပွဲအထိ စောင့်ရဦးမှာပဲဖြစ်ပါတယ်။
Thu Yay – ShweBa