ရေခဲထဲမှာ အချိန်အကြာဆုံးနေပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ အမျိုးသား

ကမ္ဘာ့စံချိန်တွေကို တင်ဖို့ကြိုးစားနေတဲ့ အံ့ဖွယ်လူသားတွေထဲက တယောက်ဖြစ်တဲ့ ရေခဲလူသားကတော့ သူ့စံချိန်ကို သူပြန်ချိုးလိုက်ပြန်ပါပြီ။ ရေခဲထဲမှာ အချိန်အကြာဆုံး နေနိုင်တဲ့ လူသားအဖြစ် စံချိန်တင်ထားတဲ့ ဂျိုးဆက်ဖ် ကိုးဘာတယောက် သူတင်ထားတဲ့စံချိန်ကို သူကိုယ်တိုင်ပဲချိုးဖျက်ပြီး၊ ရေခဲလူသားဆိုတဲ့ ဂုဏ်ပုဒ်ကိုထပ်ယူသွားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံသား ဂျိုးဆက် အခုတခေါက်ရေခဲထဲမှာ နေခဲ့တဲ့အချိန်က (၂)နာရီ(၃၀)မိနစ်အထိရှိခဲ့ပါတယ်။ အရင်တခေါက်တင်ထားတဲ့ ကမ္ဘာ့စံချိန်ထက် နာရီဝက်ပိုများတယ်ဆိုပါတယ်။ စံချိန်တင်ဖို့အတွက် လုပ်ရတာက ရေခဲပေါင်ချိန် (၄၄၀)ထည့်ထားတဲ့ မှန်အိမ်ထဲမှာ အ၀တ်ဗလာနဲ့ ၀င်ပြီး၊ ဘယ်လောက်အထိနေနိုင်မလဲကို လုပ်ပြရတာပါ။

ဘေးနားမှာ ကျန်းမာရေးအစောင့်အရှောက်တွေနဲ့ စံချိန်ကိုအကဲဖြတ်မယ့် ပညာရှင်တွေက အသင့်ရှိနေပါတယ်။ မနေနိုင်တော့တဲ့အချိန်ရောက်ရင် အချက်ပြလိုက်ရုံပါပဲ။ တကယ်လုပ်ပြသွားနိုင်ပြီး၊ နာရီဝက်ပိုနေနိုင်ခဲ့ချိန်မှာတော့ ဂျိုးဆက်က လျှို့ဝှက်ချက်ကို အခုလိုပြောပြခဲ့ပါတယ်။ ” ကျွန်တော့်ခံစားရနေတာတွေကို စိတ်ထဲမှာ ကောင်းတဲ့စိတ်ခံစားချက်တွေဖြစ်လာဖို့ ပုံဖော်ပြီး၊ ရအောင်တွေးပါတယ်”

” အဲဒီလိုလုပ်လိုက်တဲ့အတွက် ကျွန်တော့်စိတ်ကိုလာရိုက်ခတ်တဲ့ နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကြံ့ကြံ့ခံနိုင်တာပါ။ နောက်တခုက ကျွန်တော်ကိုယ် ကျွန်တော်ခြေအိတ်တွေစွပ်ထားသလိုဖြစ်အောင်လုပ်ပါတယ်။ ပထမဆုံးလုံးဝကို နွေးထွေးနေအောင်လုပ်ရမယ့်အရာဟာ ခြေထောက်ပါပဲ”လို့ သူနေနိုင်ခဲ့တဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။

အခုလို စံချိန်တင်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် ဂျိုးဆက်ကို ကျော်ချင်တဲ့သူတွေရှိခဲ့ရင် ရေခဲထဲမှာ နှစ်နာရီခွဲထက်ပိုကြာအောင်ထပ်နေပြရမှာဖြစ်ပါတယ်။ ဂျိုးဆက်ကစံချိန်အသစ်တင်နိုင်ခဲ့ပေမဲ့ ရပ်တန့်သွားဦးမှာ မဟုတ်ပါဘူး။ လာမယ့်နှစ် ဒီလိုအချိန်ရောက်ရင် အမေရိကန်၊ အယ်အေမှာ စံချိန်ချိုးဖို့ ထပ်လုပ်ပြဦးမှာဖြစ်ပြီး၊ နှစ်နာရီခွဲထက်ပိုနေနိုင်မယ်လို့ ယုံကြည်နေဆဲဖြစ်ပါတယ်။

Thu Yay – AwesomeMyanmar

Add a Comment

Your email address will not be published. Required fields are marked *