ယူနိုက်တက် နံနက်ခင်းသတင်းတိုများ (၁၃.၁၂.၂၀၂၀)
|ယူနိုက်တက်နဲ့ မန်စီးတီးကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကတော့ (၀-၀)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ နှစ်သင်းလုံအပြန်အလှန်အမှားမခံဘဲ ထိန်းကစားသွားကြရင်း ပြိုင်ဆိုင်မှု အနည်းငယ်လျော့တဲ့ ပုံစံမျိုးကိုမြင်တွေ့ခဲ့ရပါတယ်။
နည်းပြဖြစ်သူ ဆိုးလ်ရှားကတော့ အခုကစားသွားတဲ့ မန်ချက်စတာဒါဘီပွဲက စွမ်းဆောင်ရည်ဟာ သူနည်းပြသက်တမ်းအတွင်း မန်ချက်စတာဒါဘီပွဲတွေမှာ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ပြီး၊ လက်ရှိစွမ်းဆောင်ကို ကျေနပ်မိတယ်လို့ ဆိုခဲ့ပါတယ်။
တပွဲလုံးမှာ ကန်ချက် လေးကြိမ်နဲ့ တသင်းကို နှစ်ကြိမ်ပဲရှိခဲ့တဲ့အထိ တိုက်စစ်ပိုင်းအားနည်းခဲ့တာဟာ ပွဲပန်းနေတဲ့အကျိုးဆက်ကို ခံစားနေရတာလို့သိရပါတယ်။နှစ်သင်းလုံး မန်ချက်စတာဒါဘီမတိုင်ခင်မှာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲကို အသည်းအသန်ကန်ခဲ့ရတဲ့အပေါ် အခုလိုဖြစ်နေခဲ့တာဖြစ်ပါတယ်။
(၀-၀)နဲ့ သရေကျခဲ့တဲ့အတွက် ယူနိုက်တက်ဟာ မန်စီးတီးကိုရင်ဆိုင်ကစားခဲ့တဲ့ နောက်ဆုံးသုံးပွဲလုံး တဂိုးမှမပေးခဲ့ရဘဲ ကလင်းရှစ်ကို ထိန်းသိမ်းသွားနိုင်ခဲ့ကာ စံချိန်ကောင်းတခုကို အရယူနိုင်ခဲ့ပါတယ်။ အခုလိုမျိုးသုံးပွဲဆက်ဂိုးမပေးရတာဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ပွဲချိန်တွင်းဂိုးမသွင်းနိုင်ခဲ့တဲ့တိုက်စစ်ဟာ လက်ရှိမှာ အိမ်ကွင်းပွဲစဉ် (၃)ပွဲအထိ ဂိုးမသွင်းနိုင်တာဖြစ်လာခဲ့ပါပြီ။ ဒါဟာ မနှစ်ကရာသီမှာ အိမ်ကွင်းမှာ (၂)ပွဲတည်းဂိုးမသွင်းနိုင်ခဲ့တာကိုကြည့်ရင် ယူနိုက်တက်ရဲ့ဒီရာသီအိမ်ကွင်းတိုက်စစ်ဟာဂိုးရဖို့ ခက်ခဲနေတာကိုတွေ့ခဲ့ရပါတယ်။
Thu Yay – MMUN