ဆံပင်ညှပ်ရင်သေမယ်လို့ ယုံတာကြောင့် နှစ်(၈၀)အထိဆံပင်မညှပ်ခဲ့တဲ့ အဖိုးအို

ဆံပင်ညှပ်ရမှာပျင်းတယ်ဆိုတဲ့လူတွေအတွက်တော့ နှစ်ပေါင်း (၈၀)လောက်ဆံပင်မညှပ်ခဲ့တဲ့ အသက် (၉၂)နှစ်အရွယ် အဖိုးအိုက စံပြဖြစ်လာမှာပါ။ ဗီယက်နမ်နိုင်ငံ၊ တောင်မဲခေါင်ဒေသမှာနေတဲ့ အဖိုးအိုက ဘာသာရေးဆိုင်ရာယုံကြည်ချက်တချို့ကြောင့် ဆယ်စုနှစ် (၈)ခုနီးပါးဆံပင်မညှပ်ခဲ့ဘဲ (၅)မီတာလောက်အရှည်ထားရင်း ဘ၀ကိုဖြတ်သန်းခဲ့ပါတယ်။

ငုယင်ဗန်ချီလို့အမည်ရတဲ့ အဖိုးအိုဟာ သူ့ရဲ့ဆံပင်တွေကိုခေါင်းလျှော်တာ၊ ညှပ်တာ၊ သန့်ရှင်းတာတွေကို နှစ်ပေါင်း (၈၀)နီးပါးလောက် ဘာမှမလုပ်ခဲ့ပါဘူး။ သူ့ ရဲ့ယုံကြည်ချက်ကို ရိုက်တာသတင်းဌာနက အင်တာဗျူးမှာ ဖြေတာကရှင်းပါတယ်။ ဆံပင်ညှပ်ရင် သေမယ်လို့ ယုံကြည်တဲ့အတွက် ဘာမှမလုပ်ခဲ့တာကို အခုလိုပြောပါတယ်။

” ဆံပင်ကိုညှပ်လိုက်တာနဲ့ ငါသေသွားမယ်လို့ ယုံတယ်၊ ဘာကိုမှ ပြောင်းလဲဖို့ ဆန္ဒမရှိဘူး၊ ချည်တာထုံးတာတွေတောင်မလုပ်ဘူး၊ သေသေချာချာတော့ မွေးထားတယ်၊ ခြောက်သွေ့ပြီး ဖုန်မကပ်ဘဲ သန့်ရှင်းနေအောင်တော့ ပ၀ါနဲ့စည်းထားတယ်၊ ကြည့်လို့လည်းကောင်းအောင်ပေါ့၊ ငါ့ဆံပင် အနက်ရောက်ဖြစ်ခဲ့တာကိုမှတ်မိနေသေးတယ်၊”

” ထူတယ်၊ ရှည်တယ်၊ ခေါင်းတော့ဖြီးပါတယ်၊ ချည်မနေဘဲ ပြေနေအောင်ပေါ့၊ ဒါပေမဲ့ နတ်ဘုရားစွမ်းအင်တခုဆီကနေ ခေါ်သံကြားလိုက်ရချိန်မှာ ငါဟာရွေးချယ်ခံရသူဆိုတာကို ချက်ချင်းသိခဲ့တယ်၊ ငါဆံပင်ကိုအကိုင်ခံခဲ့ရတယ်၊ အဲဒါကတဖြည်းဖြည်းနဲ့ မာလာတယ်၊ ခေါင်းမှာကုပ်တွယ်သွားတဲ့အချိန်မှာတော့ သူ့ဘာသာသီးသန့်လို ဖြစ်သွားတယ်” လို့ဆိုခဲ့ပါတယ်။

အဖိုးအိုဟာ ဒီဆံပင်ရှည်ကိုအထိမခံလိုတဲ့အတွက် သုံးတန်းတက်နေရင်းကျောင်းကဆံပင်ညှပ်ခိုင်းခဲ့ချိန်မှာ ကျောင်းပါထွက်ခဲ့ပါတယ်။ အဲဒီကတည်းက လုံးဝဆံပင်ကိုခေါင်းပါမလျှော်တော့သလို သူဟာရွေးချယ်ခံဖြစ်ခဲ့တဲ့အတွက် နတ်ဘုရားတွေကိုင်တွယ်ခံခဲ့ရတဲ့ဆံပင်ကိုမထိဖို့ဆုံးဖြတ်ခဲ့တာပါ။ အခုအချိန်မှာတော့ ငါးမီတာလောက်ရှည်နေပြီဖြစ်တဲ့အတွက် အံ့သြစရာပါပဲ။ နှစ်ပေါင်း ၈၀ လောက်ခေါင်းမလျှော်ဘဲဘယ်လိုနေခဲ့လဲတော့ မပြောပြခဲ့ပါဘူး။

Thu Yay – AwesomeMyanmar

Add a Comment

Your email address will not be published. Required fields are marked *