ပေါ့ဘာနဲ့ယူနိုက်တက်ပြီးသွားပြီဆိုတဲ့မှတ်ချက်ကို နဗီးလ်ဒေါသတကြီးပေါက်ကွဲ
|ဆိုင်းမဆင့်ဗုံမဆင့်ဆိုသလိုပဲ အေ့ဂျင်ရွိုင်အိုလာတယောက် မီဒီယာတွေရှေ့မှာ အထူးသတင်းတခုကြေညာလိုက်ပါတယ်။ ယူနိုက်တက်နဲ့ ပေါ့ဘာကြား သူဝင်ရောက်ဆွေးနွေးပေးနေတဲ့ ညှိနှိုင်းမှုဟာ အဆုံးသတ်သွားခဲ့ပြီး၊ ယူနိုက်တက်နဲ့အနာဂတ်အဆုံးသတ်သွားပြီလို့ ပြောခဲ့ပါတယ်။ (၂၀၂၂)အထိ၊ တနှစ်ခွဲလောက်စာချုပ်ကျန်နေသေးချိန်မှာ အခုလိုပြောလိုက်တာက ဘယ်သူ့အတွက်မှမကောင်းပါဘူး။
” ယူနိုက်တက်မှာ ပေါ့ဘာရဲ့ဇာတ်လမ်းက ပြီးသွားပါပြီလို့ ကျွန်တော်ပြောနိုင်ပါတယ်” ဆိုတဲ့ စကားလေးပေမဲ့ တခြားနေရာတွေမှာတော့ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ လစ်ဇစ်ကိုရင်ဆိုင်ခါနီး ယူနိုက်တက်အသင်းကြား စိတ်ဝမ်းကွဲစေနိုင်တာတွေ၊ အနိုင်ရပြီးစိတ်အားတက်နေတာမှ မကြာသေးတဲ့ ပေါ့ဘာကို ဆိုးလ်ရှားတယောက် ဆက်သုံးရမလား၊ မသုံးရဘူးလားဖြစ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဒီမှတ်ချက်ထွက်လာချိန်မှာပဲ ဂန္ဓ၀င်ဂယ်ရီနဗီးတယောက် သူ့ရဲ့တွစ်တာပေါ်မှာ ဒေါသထွက်နေတဲ့ အီမိုဂျီနဲ့ချက်ချင်းဆိုသလို ပေါက်ကွဲခဲ့ပါတယ်။” ရွိုင်းအိုလာရေ၊ အရင်ကလည်း ဒါမျိုးတွေ ခဏခဏ ဖြစ်ခဲ့ပြီးပြီကွာ။ ဒါပေမဲ့လည်း ဒီလိုမျိုးရုတ်တရက်ထကြေညာတာကို ပေါ့ဘာတယောက် သိရော သိရဲ့လားဟ။ တကယ်လို့ ပေါ့ဘာမသိဘူးဆိုရင်”
” သူ့အေ့ဂျင်ပြောတာမှန်တယ်လို့ ပေါ့ဘာကိုယ်တိုင် ကပြောလာမလားကို ကျွန်တော်တို့စောင့်ကြည့်ရမယ်။ နောက်ဆုံးဆိုရမယ်ဆိုရင် လစ်ဇစ်လို ချန်ပီယံလိဂ်ပွဲနဲ့ မန်စီးတီးလို မန်ချက်စတာဒါဘီပွဲတွေမကန်ခင်မှာ ပြောချလိုက်တာက ယူနိုက်တက်အတွက် ချိန်သားကိုက် ကြောက်ဖို့ကောင်းတယ်ဆိုတာပါပဲ” လို့ ဂယ်ရီနဗီးလ်က ပေါက်ကွဲခဲ့ပါတယ်။
တကယ်လည်း ရွိုင်အိုလာအနေနဲ့ မပြောသင့်ပါဘူး။ အချိန်ကာလတော်တော်လေးကျန်သေးတဲ့အပြင် နောက်ဆုံးသဘောတူညီမှုမရတော့ရင်တောင် ကတ္တီပါလမ်းခွဲဖြစ်ဖို့ သူ့အနေနဲ့ တောင်းဆိုရမှာဖြစ်ပါတယ်။ အခုတော့ အဲဒီအစား နွေရာသီမှာရောင်းချလိုက်ဖို့ကိုပဲ တွင်တွင်ပြောနေပြီး၊ ပေါ့ဘာတယောက်မပျော်တော့ဘူးလို့ပဲ ဆိုလိုက်တာက လာမယ့်ပွဲတွေကို အနည်းနဲ့အများ ရလဒ်ပိုင်းထိခိုက်လာစေနိုင်ပါတယ်။
Thu Yay – MMUN