လီဗာပူး၊ ချဲလ်ဆီးတို့ထက်ပိုကောင်းတဲ့ အိမ်ကွင်းမှတ်တမ်းကိုပိုင်ဆိုင်ထားတဲ့ ဥရောပအသင်း
|ဘန်လေကို (၀-၁)နဲ့ ရှုံးခဲ့တဲ့လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်ကွင်း ရှုံးပွဲမရှိစံချိန်ကောင်းကျိုးပျက်သွားခဲ့ရပါတယ်။ ၆၈ ပွဲဆက် စံချိန်တင်လာခဲ့တဲ့ ဂျာဂင်ကလော့ပ်နဲ့ အဖွဲ့သားတွေဟာ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပုံစံကောင်းတွေပျောက်ဆုံးပြီးတဲ့နောက် လေးနှစ်နီးပါးတင်ခဲ့ရတဲ့ အိမ်ကွင်းရလဒ်တွေလည်း ရပ်တန့်သွားခဲ့ရတာပါ။
အခုလိုရပ်တန့်သွားခဲ့တဲ့အတွက် လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရှုံးပွဲမရှိမှတ်တမ်းအကြာဆုံး ဒုတိယမြောက်အသင်းဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အရင်ဆုံးစံချိန်တင်ထားတာက ချဲလ်ဆီးအသင်းဖြစ်ပြီး၊ နည်းပြ လေးယောက်ဆက်တင်ထားခဲ့တဲ့ အရှည်ကြာဆုံး အိမ်ကွင်းမှတ်တမ်းကောင်းဖြစ်ပါတယ်။
နည်းပြရာရီရေးနီ ထုတ်ပယ်ခံရခါနီးမှာ ရလဒ်ကောင်းတွေဆက်ရယူခဲ့ပြီး၊ မော်ရင်ဟိုက အရှည်ကြာဆုံးမှတ်တမ်းတရပ်ကို စိုက်ထူခဲ့ပါတယ်။ မော်ရင်ဟိုထုတ်ပယ်ခံရပြီးတာတောင်ဆက်တင်ခဲ့ကာ ဂရန့်၊ စကိုလာရီလက်ထပ်အထိ ၈၆ ပွဲတိတိ ရှည်ကြာခဲ့ပါတယ်။ ရက်အနေနဲ့တွက်မယ်ဆိုရင် စုစုပေါင်း ၁၇၀၉ ရက်အထိကြာမြင်ခဲ့ပါတယ်။
လီဗာပူးကတော့ ၆၈ ပွဲပဲဖြစ်ပေမဲ့ ကြားထဲမှာ ကိုဗစ်ကြောင့်နားရတာတွေရောတွက်ရင် ၁၃၆၉ ရက်အထိ ရှည်ကြာတဲ့စံချိန်ကိုပိုင်ခဲ့တာပါ။ အခုလိုမျိုး လေးနှစ်နီးပါး၊ လေးနှစ်ကျော်မှတ်တမ်းတွေရှိထားပေမဲ့ ဥရောပရဲ့ အိမ်ကွင်းရှုံးပွဲမရှိအရှည်ဆုံးအသင်းတော့မဟုတ်ပါဘူး။ သူတို့နှစ်သင်းထက်ရှည်ကြာတဲ့အသင်းရှိပါသေးတယ်။
သူကတော့ ပေါ်တိုဖြစ်ပါတယ်။ ပေါ်တိုက အမှတ်ပေးလိဂ်မှာ အိမ်ကွင်းရှုံးပွဲမရှိတာဟာ ခြောက်နှစ်တိတိ (ဘောလုံးရာသီခြောက်ရာသီ)ကြာခဲ့ပြီး၊ ၂၀၀၈ ကနေ ၂၀၁၄ အထိရှည်ကြာခဲ့ပါတယ်။ ရက်အနေနဲ့ ၁၉၄၇ ရက်အထိကြာမြင်ခဲ့တဲ့အတွက် ဥရောပမှာ ပေါ်တိုအသင်းတင်ထားတဲ့စံချိန်က အမြင့်ဆုံးလို့ ဆိုနိုင်မှာပါ။
Thu Yay – ShweBa