ကမ္ဘာ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဟုတ်မဟုတ် မသေချာသေးတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုက ပြီးခဲ့တဲ့ရက်က ဂိုးသွင်းအပြီးမှာ ကမ္ဘာ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာပါတယ်။ ၇၅၉ ဂိုးနဲ့ လက်ရှိကမ္ဘာ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာပြီလို့ ကမ္ဘာ့သတင်းဌာနကြေီးတွေကဖော်ပြခဲ့ပါတယ်။ ဂျိုးဆက်ဘီကွန်ရဲ့ ၇၅၉ ဂိုးနဲ့ ရော်နယ်ဒို စံချိန်တူတူဖြစ်နေတဲ့အတွက် ရော်နယ်ဒိုသာ နောက်တဂိုးထပ်သွင်းရင် အများဆုံးဖြစ်ပြီလို့ သတ်မှတ်နေကြတာပါ။

ဒါပေမဲ့ RSSSF လို့ခေါ်တဲ့ ဘောလုံးအားကစားအချက်အလက်မှတ်တမ်းတင်ရေးအဖွဲ့က ဂျိုးဆက်ဖ်ဘီကွန်ရဲ့ သွင်းဂိုးက ၈၀၅ ဂိုးပါလို့ အတိအကျမှတ်တမ်းတင်ထားပါတယ်။ ပွဲပေါင်း ၅၃၀ ကစားထားချိန်မှာ ၈၀၅ ဂိုးသွင်းထားတဲ့ဘီကန်ဟာ ကမ္ဘာ့အများဆုံးဖြစ်ပြီး၊ ရိုမာရီယို ၇၇၂ နဲ့ ပီလီ ၇၆၇ လို့ ဆိုထားပါတယ်။ ဒီအတိုင်းဆိုရင် ရော်နယ်ဒိုအထက်မှာ သုံးယောက်တောင်ကျန်နေပါတယ်။

၂၀၀၁ ခုနှစ်မှာဆုံးပါးသွားပြီဖြစ်တဲ့ဘီကန်က ကစားသမားဘ၀မှာ ကလပ်ငါးခုကို ၁၉၃၁ ကနေ ၁၉၅၅ မှာ ကစားခဲ့သူပါ။ ပရိသတ်သိမယ့်အသင်းဆိုရင် ရက်ပစ်ဗီယင်နာနဲ့ ဆလာဗီးယား ပါရာဂွေးတို့လို အသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။ အဲဒီထဲမှာ ၂၇ဂိုးက ရက်ပစ်ဗီယင်နာရဲ့ ဒုတိယအသင်းမှာသွင်းတာလို့ဆိုတဲ့အတွက်နှုတ်လိုက်ရင် ၇၇၈ ဂိုးအထိရှိနေပါတယ်။

ထူးဆန်းတဲ့အချက်က ဂျိုးဆက်ဖ်ဘီကန်ဂိုးသွင်းခဲ့တဲ့ ၁၉၅၂က မှတ်တမ်းတွေပျောက်နေတဲ့အတွက် အဲဒီနှစ်မှာ သွင်းခဲ့တယ်လို့ ယူဆရတဲ့ဂိုးတွေနှုတ်လိုက်ရင် ၇၅၉ ဂိုးဆိုတာဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ အတိအကျကတော့ ဘယ်သူမှမသိပါဘူး။ ပိုများလည်းများနိုင်သလို ဒုတိယတန်းလိဂ်က ဂိုးတွေဖြစ်တဲ့အတွက် ထည့်မတွက်ရင်လည်း ၇၅၉ ဂိုးဖြစ်နိုင်တယ်လို့ RSSSF ကဆိုထားပါတယ်။

ဘာကြောင့်လဲဆိုတော့ ဘီကန်က ၄၉၅ ပွဲမှာ ၇၅၉ ဂိုးအထိသွင်းထားတယ်ဆိုတဲ့ မှတ်တမ်းက အတိအကျရှိလို့ဖြစ်ပါတယ်။ ဒါဆိုရင် ပီလီနဲ့ ရိုမာရီယိုကတောင် ကမ္ဘာ့ဂိုးသွင်းဘုရင်တွေဖြစ်နေနိုင်ပါတယ်။ ပီလီက ကလပ်တခုတည်းအတွက် ၆၄၃ ဂိုးသွင်းတဲ့ မှတ်တမ်းက အတိအကျရှိထားသူပါ။ ဒါကလည်း မက်ဆီကကျော်သွားပါပြီ။ ကလပ်သွင်းဂိုးအမှန်အကန်တွေပဲပေါင်းရင် ပီလီက ၇၅၇ ဂိုးပဲရှိပါတယ်။

ဆန်းတို့စ်၊ ဘရာဇီးလ်လက်ရွေးစင်နဲ့ နယူးယောက်ခ် ကော့စမို့စ်အသင်းကဂိုးတွေဖြစ်ပါတယ်။ ရိုမာရီယိုကိုလည်း ကလပ်ဂိုးတွေနဲ့သတ်မှတ်ထားရင် ၇၄၇ ဂိုးလို့ပဲဆိုတဲ့အတွက် အချက်အလက်တွေက နှစ်ခုစီဖြစ်နေပါတယ်။ RSSSF က သတ်မှတ်တာနဲ့ ပထမတန်းကလပ်ဂိုးတွေပဲသတ်မှတ်တာဆိုပြီးပါ။ ဒါကြောင့် ရော်နယ်ဒိုလိုမျိုး ပထမတန်းလိဂ်ကဂိုးတွေပဲသတ်မှတ်မယ်ဆိုရင် လက်ရှိရော်နယ်ဒိုဟာ ကမ္ဘာ့ဂိုးသွင်းအများဆုံးကစားသမားပါ။

မှတ်တမ်းအရ စပို့တင်း ၅ ဂိုး၊ မန်ယူမှာ ၁၁၈ ဂိုး၊ ရီးရဲလ်မှာ ၄၅၀ဂိုး၊ လက်ရှိဂျူဗင်မှာ ၈၄ဂိုး၊ ပေါ်တူဂီမှာ ၁၀၂ ဂိုးနဲ့ရှိပါတယ်။ ဆိုပေမဲ့ပရော်ဖက်ရှင်နယ်ပွဲကဂိုးတွေတိုင်းကို ကောက်တာဆိုရင်တော့ ရော်နယ်ဒိုဟာ ဘီကန်ကို မမီသေးဘူးလို့ဆိုနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရော်နယ်ဒိုသာ နောက်တဂိုးသွင်းရင် ပထမတန်းလိဂ်သွင်းဂိုးနဲ့ လက်ရွေးစင်သွင်းဂိုးစုစုပေါင်းမှာ အများဆုံးကစားသမားဆိုတာတော့ အမှန်ပါပဲ။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *