အနာဂတ်ဘောလုံးလောကကို တဆစ်ချိုးပြောင်းလဲတော့မယ့် Tesla ဘောလုံးဖိနပ်များ
|အားကစားပစ္စည်းချစ်မြတ်နိုးတဲ့သူတွေကြား လတ်တလော ရေပန်းစားနေတာက အနာဂတ်ဘောလုံးကန်ဖိနပ်တွေပါ။ ခေတ်ရှေ့ပြေးပုံစံဒီဇိုင်းတွေကို ဖန်တီးပြထားတဲ့ သူက ပရောဒက် ဒီဇိုင်နာ အယ်မိုဆာဝီဆိုတဲ့ ပညာရှင်တဦးပါ။ သူ့ရဲ့အင်စတာဂရမ်မှာ ဖိနပ်ဒီဇိုင်းတွေကို မိတ်ဆက်ခဲ့ပါတယ်။
အက်ဒီးဒက်စ်၊ နစ်ကီတို့လို ကမ္ဘာကျော်ဖိနပ်ဒီဇိုင်း ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ခဲ့တဲ့ အယ်မိုဆာဝီက အနာဂတ်မှာဖြစ်လာမယ့် ဘောလုံးကန်ဖိနပ်တွေကို ဖန်တီးပြခဲ့ပါတယ်။ Tesla လို့ သူ့ဖိနပ်တွေကို နာမည်ပေးထားခဲ့တာက အားသွင်းစနစ်ပုံစံပါဝင်တဲ့ ဖိနပ်ရဲ့မီးအလင်းအမှောင်တွေကြောင့်ပါ။
ပုံမှန်ဖိနပ်တွေကနေ ကွဲထွက်လာမယ့် ဒီဇိုင်းတွေကို ပညာရှင်က ကုမ္ပဏီတွေအတွက် ဆွဲပေးထားတာမဟုတ်ပါဘူး။ ဒီဖိနပ်တွေ မကြာခင်မှာဖြစ်လာတော့မယ့်အကြောင်း ကြိုဆွဲပြထားတာဖြစ်ပြီး၊ ဖိနပ်ဟာ အနုမြူအလင်းတွေနဲ့ ကွင်းထဲမှာ လန်ထွက်နေမှာဖြစ်ပါတယ်။
ဝတ်ဆင်လိုက်တဲ့ကစားသမားတွေက ကြိုးမလိုဘဲ ဖိနပ်ကို အော်တို အရှုံ့အတွလုပ်နိုင်မှာဖြစ်တဲ့အပြင် ကစားနေတဲ့တလျှောက်လုံးမီးလင်းစေဖို့ စွမ်းဆောင်နိုင်မှာပါ။ ဒါဟာ နစ်ကီ၊ အက်ဒီးဒက်တွေက နောက်ဆုံးထွင်ထားတဲ့ ဖုန်းဆော့ဝဲလ်နဲ့ အော်တိုဖိနပ်ကြိုးချည်တဲ့ ဖိနပ်တွေထက်ကို ပိုခေတ်ရှေ့ပြေးနေပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတကယ်လုပ်ဆောင်နေပြီလားဆိုရင်တော့ မဟုတ်ပါဘူးလို့ အယ်မိုဆာဝီကဖြေကြားထားပါတယ်။ သူ့အတွေ့အကြုံအရ ဖြစ်လာတော့မယ့်ဖိနပ်တွေကို ခန့်မှန်းထားတာပဲဖြစ်တယ်လို့ဆိုပါတယ်။ တကယ်သာဖန်တီးခဲ့ရင်လည်း Tesla လို နည်းပညာကုမ္ပဏီတွေကပဲ တီထွင်နိုင်မယ်လို့ ယူဆထားပြီး၊ ဖိနပ်တွေဟာ အတော်လေးအဆင့်မြင့်နေတာကြောင့်ဖြစ်ပါတယ်။
Thu Yay – ShweBa