ခရစ္စတီယာနိုအပြောင်းအရွှေ့မှာ ယူနိုက်တက်နဲ့ ဖြစ်နိုင်ခြေအလားအလာ
|ယူနိုက်တက်အနေနဲ့ အသင်းရဲ့တချိန်က နံပါတ် (၇)ကစားသမားကိုပြန်ခေါ်ဖို့ ပြင်ဆင်နေပြီလို့ သတင်းထွက်လာပါတယ်။ ကောလာဟလအဆင့်ကနေ တဖြည်းဖြည်းနဲ့ သတင်းမီဒီယာကြီးတွေကပါ ဖော်ပြလာချိန်မှာတော့ ရော်နယ်ဒိုပြန်လာမလားက ယူနိုက်တက်အတွက် မေးခွန်းဖြစ်လာပါတယ်။ ဂျူဗင်တပ်ကနေ အိမ်ပြန်လာမယ့် ကစားသမားတဦးရဲ့ ဖြစ်နိုင်ခြေကိုလည်း ပရိသတ်တွေသိချင်လာကြပါတယ်။
ဒီသတင်းစထွက်လာတာက အာဂျင်တီးနားမီဒီယာတခုကနေ အတိအကျပြောလိုက်ချိန်မှာ သို့လောသို့လောစလာတာဖြစ်ပါတယ်။ ယူကေရဲ့နာမည်ကြီးသတင်းဌာနတွေလည်း လိုက်လံစုံစမ်းကြချိန်မှာ ထုံစံအတိုင်းကောလာဟလပဲလို့ MEN ကနေ ပြန်ဖြေရှင်းလိုက်ပါတယ်။ သူတို့ရဲ့ဖြေရှင်းချက်ကတော့ ရော်နယ်ဒိုဖက်ကမဟုတ်ဘဲ ယူနိုက်တက်ရဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေ ဖြေကြားချက်မျိုးပါ။
“ယူနိုက်တက်ဟာ ရော်နယ်ဒိုကိုချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းမျိုးကို ယူနိုက်တက်အတွင်းသတင်းပေးတွေက ရယ်နေကြပါတယ်။ ဂျူဗင်တပ်မှာရှိတဲ့ ရော်နယ်ဒိုရဲ့ အနာဂတ်က မေးခွန်းထုတ်စရာဖြစ်နေပေမဲ့ ကစားသမားက (၂၀၂၂)အထိ စာချုပ်ရှိနေပါတယ်။ အသင်းရဲ့လစာအများဆုံး ကစားသမားဖြစ်နေတဲ့အပြင် လက်ရှိရော်နယ်ဒို ရနေတဲ့လစာကို ပေးနိုင်ဖို့က မလွယ်ပါဘူး။”
” အကယ်လို့ ဒီနွေရာသီမှာခေါ်ယူမယ်ဆိုရင်လည်း စာချုပ်ဖျက်သိမ်းကြေးပေးရမယ့်အနေအထားမှာ ရော်နယ်ဒိုအတွက် ယူနိုက်တက် ပိုက်ဆံသုံးဖို့ကလည်း မဖြစ်နိုင်ပါဘူး” လို့ ဖော်ပြခဲ့ပါတယ်။ တကယ်လည်း ယူနိုက်တက်ဟာ ရော်နယ်ဒိုရဲ့လက်ကျန်နှစ်နှစ်စာချုပ်ကို ကြေးအများကြီးပေးခေါ်ဖို့ စဉ်းစားနေမှာမဟုတ်ပါဘူး။ ကိုဗစ်ကြောင့် ဘဏ္ဍာရေးထိခိုက်နေတဲ့အသင်းကလည်း ဒီအစီအစဉ်ကိုလုပ်ဖို့ စိတ်ကူးဖို့မရှိဘူးလို့ MEN ကဆိုပါတယ်။
လက်ရှိမှာ ယူနိုက်တက်ရဲ့ ဘဏ္ဍာရေးအခြေအနေက အားရဖို့ကောင်းတဲ့အနေအထားမှာလည်းမရှိသေးတဲ့အပြင် ဆန်ချိုကိုခေါ်ယူဖို့ ပစ်မှတ်ထားနေဆဲပါ။ ကိုဗစ်ကာလမှာ အခုလိုစွန့်စားရမယ့် စီရော်နယ်ဒိုလို အပြောင်းအရွှေ့က ပရိသတ်တွေအတွက် စိတ်ကူးသတ်သတ်လို့ဆိုနိုင်ပါတယ်။ အဲဒီအစား ယူနိုက်တက်အတွက် ဂျေဒင်ဆန်ချိုမျှော်လင့်ချက်ကပဲ ဖြစ်နိုင်ခြေအများကြီးရှိတယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
Thu Yay – MMUN