တိုးတက်လာတဲ့ကိန်းဂဏန်းတွေအရ ချဲလ်ဆီးကို အောင်မြင်မှုတွေ ရယူပေးဖို့ရှိနေတဲ့ သောမတ်တူချယ်

ချဲလ်ဆီးအသင်းနဲ့ သောမတ်တူချယ်တို့ သတင်းထွက်နေတဲ့အတိုင်းပဲ နည်းပြရာထူးကို အတည်ပြုပြီးခဲ့ပါပြီ။ ထရိင်နင်စဆင်းနေပြီဖြစ်တဲ့အပြင် ၀ုဗ်လ်နဲ့ပွဲကစလို့ တာဝန်ယူသွားဖို့ရှိနေပါတယ်။ ၁၈ လ (တနှစ်ခွဲ) စာချုပ်ကိုမှ ချဲလ်ဆီးက လိုအပ်ရင် စာချုပ်ထပ်ချုပ်ခွင့်ပါတဲ့အတွက် တူချယ်ကို လတ်တလောအခြေအနေတွေထိန်းဖို့ တာဝန်ယူထားခိုင်းမယ့်သဘောရှိနေပါတယ်။

ပီအက်စ်ဂျီနဲ့ လီဂူးဝမ်း၊ ပြင်သစ်ဖလားတွေရယူထားခဲ့သလို မနှစ်ကချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ထားဖူးတဲ့ တူချယ်ဟာ ချဲလ်ဆီးပိုင်ရှင်မိုဗစ်ခ်ျရဲ့ ၁၁ ယောက်မြောက် နည်းပြဖြစ်လာပါတယ်။ ၀ုဗ်ပွဲကိုတာဝန်ယူနိုင်တဲ့အကြောင်းရင်းက ဆေးစစ်ချက်နက်ဂတစ်ထွက်ထားတဲ့ အားကစားလောကက လူတွေဟာ ကွင်းနဲ့ထရိန်နင်တွေကိုတက်ရောက်နိုင်တာကြောင့်လို့သိရပါတယ်။

တူချယ်ကို ဥရောပဘောလုံးလောကမှာ စသိလာတာက မိန့်ဇ်နဲ့ပါ။ (၂၀၀၉-၁၀)ရာသီမှာတန်းတက်လာတဲ့ မိန့်ဇ်ကို ပထမဆုံးနှစ်မှာပဲ အဆင့် ၉ရောက်အောင်လုပ်ပေးနိုင်ခဲ့တဲ့အပြင် ၁၈၃ ပွဲကိုင်တွယ်ခဲ့ချိန်မှာ အနိုင်ရမှု ၃၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ၇၂ ပွဲနိုင်၊ ၄၆ ပွဲသရေ၊ ၆၅ ပွဲရှုံးနဲ့ပါ။ နောက်တော့ ဒေါ့မွန်အသင်းဆီကိုရောက်လာချိန်မှာ ၂၀၁၆-၁၇ မှာ ဂျာမန်ဖလားရခဲ့ပါတယ်။

ပွဲစုစုပေါင်း ၁၀၇ ပွဲကိုင်တွယ်ခဲ့ချိန်၊ ၆၇ ပွဲနိုင်၊ ၂၃ ပွဲ သရေ၊ ၁၇ ပွဲရှုံးနဲ့ အနိုင်ရလဒ် ၆၃ ရာခိုင်နှုန်းအထိရှိလာပါတယ်။ ပူလီဆစ်၊ အူဘာမီယန်းတို့ကို ကိုင်တွယ်ခဲ့တဲ့အပြင် ဂျာမန်လိဂ်မှာ ဂွါဒီယိုလာ၊ ကလော့ပ်တို့နဲ့ရင်ဆိုင်ဖူးသားဖြစ်နေတဲ့အတွက် ချဲလ်ဆီးအတွက် အသင့်တော်ဆုံးဖြစ်နေသူပါ။ နောက် ပီအက်စ်ဂျီကို ရောက်သွားချိန်မှာတော့ အနိုင်ရလဒ် ၇၅ ရာခိုင်နှုန်းအထိရှိလာပါတယ်။

၁၂၇ ပွဲကိုင်တွယ်ခဲ့ချိန်မှာ ၉၅ ပွဲအနိုင်၊ ၁၃ ပွဲသရေ၊ ၁၉ ပွဲရှုံးရလဒ်နဲ့ ပီအက်စ်ဂျီကို ချန်ပီယံလိဂ်ဖိုင်နယ်အထိပို့ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တူချယ်လက်ထက်ရှုံးပွဲအများစုဟာ ချန်ပီယံလိဂ်နဲ့ အသင်းကြီးအချင်းချင်းရင်ဆိုင်ရာမှာ ရှုံးတာမျိုးဖြစ်နေခဲ့တဲ့အတွက် သတိတော့ထားရပါတယ်။ ရာခိုင်နှုန်းတွေအရတော့ တိုးတက်လာတဲ့ရလဒ်တွေပဲဖြစ်နေတာက ချဲလ်ဆီးမှာဘာတွေလုပ်ပြမလဲ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *