ဇလာတန်-လူကာကူ ဒရာမာနဲ့အတူ နောက်ကျဂိုးသူရဲကောင်းဖြစ်သွားတဲ့ အဲရစ်ဆင်တို့နဲ့ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ မီလန်ဒါဘီ

ကိုပါအီတလီရာနာ ဖလားမှာ ၂၅ ကြိမ်မြောက်တွေ့လာတဲ့ မီလန်ဒါဘီက လူကာကူ-ဇလာတန် ထိပ်တိုက်တွေ့ဆုံမှုနဲ့ မြိုင်ခဲ့ပါတယ်။ မန်ယူအသင်းဖော်ဟောင်းတွေဖြစ်ခဲ့ကြပေမဲ့ မီလန်ဒါဘီချင်းယှဉ်လာချိန်မှာ ရုပ်ဆိုးဆိုးရန်ပွဲထဲ နှစ်ဦးသားပါဝင်ခဲ့ကြတာနဲ့ ဇလာတန်တယောက် နှစ်ဝါတနီနဲ့ အထုတ်ပယ်ခံခဲ့ရတာက ပွဲရဲ့အသက်ဖြစ်ခဲ့ပါတယ်။

နောက်တော့ အဲရစ်ဆင်က လူစားဝင်၊ အချိန်ပို့ ၉၀+၇ မိနစ်မှာ အနိုင်ဂိုးသွင်း၊ သူရဲကောင်းအဖြစ် ခံယူသွားခဲ့တာက အင်တာပရိသတ်တွေအတွက် ပျော်စရာဖြစ်ခဲ့တယ်ဆိုနိုင်ပါတယ်။ ပွဲစ ၃၁ မိနစ်မှာ မိုဗစ်ဦးဆောင်ဂိုးစသွင်းလိုက်တော့ အေစီမီလန်က သာနေသလိုလိုရှိခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှလည်း အေစီတို့အများစုကိုထိန်းချုပ်ထားနိုင်ခဲ့ကာ အင်တာတို့ အဖျက်ဦးစားပေးနေခဲ့ရပါတယ်။

မိုဗစ်ခ်ျရဲ့ ဗဟိုတိုက်စစ်ကနေ အင်တာနောက်တန်းကိုခြိမ်းခြောက်နေတဲ့အချက်ကြောင့်လည်းပါတဲ့အပြင် တိုက်စစ်ရဲရဲမဖွင့်ရဲ့တဲ့ အင်တာကြောင့် ပထမပိုင်းဟာ အေစီပဲလို့ ဆိုနိုင်ပါတယ်။ ၇ ပွဲကစား ၈ ဂိုးသွင်းဆိုတဲ့ စွမ်းဆောင်ရည်ကလည်း မိုဗစ်ခ်ျဘာလဲဆိုတာပြနေတဲ့အတွက် အင်တာတိုက်စစ်ကလည်း ၃-၄-၃ ကောင်တာကိုပဲ ဦးစားပေးခဲ့တာပါ။

ဒါပေမဲ့ အီဗရာဟီမိုဗစ်ခ်ျတယောက် ပထမပိုင်းပြီးကာနီး ၄၅+၁ မိနစ်လောက်မှာ အ၀ါကတ်ထိခဲ့တာက ပွဲကိုနစ်နာစေခဲ့ပါတယ်။ အေစီဂိုးနား အင်တာဖရီးကစ်ရတာကို ရန်သွားဖြစ်လိုက်ချိန်မှာ လူကာနဲ့ မိုဗစ်ခ်ျနှစ်ယောက်စလုံး အ၀ါကတ်ကိုယ်စီရခဲ့ပါတယ်။ ဒုတိယပိုင်းအရောက် ကိုလာရော့ဗ်ကို မိုဗစ်ဘောလုံးဟန့်တားချိန်၊ ဥပေဒေပဖြစ်သွားလို့ နှစ်ဝါပြလိုက်ပြီး၊ နှစ်ဝါတနီနဲ့မိုဗစ်ခ်ျထွက်သွားရချိန်မှာတော့ အေစီတို့ ၁၀ ယောက်တည်းဖြစ်သွားခဲ့ပါပြီ။

ရာဖေးလ်လျောင်က နစ်ကိုဘာရယ်လာကို ဧရိယာထဲ ဖောင်းလုပ်လိုက်လို့ ၇၁ မိနစ်မှာ လူကာကူပင်နယ်တီကနေ ချေပဂိုးပြန်ယူပေးခဲ့ပါတယ်။ ဆက်တိုက်ဖိအားပေးနေခဲ့ပေမဲ့ အေစီဂိုးသမား တာတာယူဆာနုကလည်း လက်စွမ်းစွတ်ပြခဲ့တာက ပွဲက အချိန်ပိုဆက်သွားတော့မလိုလိုဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဘရိုဇိုဗစ်အစား ၈၈ မိနစ်မှာ လူစားဝင်လာတဲ့ အဲရစ်ဆင်က သူရဲကောင်းဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။

၂၅ ကိုက် ပတ်ချာလည် ကန်တန်ကောင်းအနေအထားလေးမှာ ၉၀+၇ မိနစ်အရောက် ဖရီးကစ်ကန်ရဖို့ဖြစ်လာတာပါ။ အဲရစ်ဆင်တယောက် ယုံယုံကြည်ကြည်ကန်သွားခဲ့ကာ ဝေ့၀ိုက်အဆုံးသတ်သွားခဲ့ချိန် အင်တာတို့ ကိုပါအီတလီယာနာ ဖလား ဆီမီးဖိုင်နယ်ကိုတက်သွားခဲ့ပါတယ်။ နှစ်သင်းလုံးအချိန်ပိုမကန်ရအောင်ဆုံးဖြတ်ပေးခဲ့တဲ့ ဂိုးကလည်း အဲရစ်ဆင်ရဲ့ဒီရာသီ အင်တာမီလန်ပထမဆုံးဂိုးလို့ သိရပါတယ်။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *