ဝက်စ်ဘရွန်းကို ပင်နယ်တီမပေးခဲ့တဲ့ဒိုင်ရဲ့ဆုံးဖြတ်ချက်မှာ ဆုံးဖြတ်ချက်နှစ်ခုလုံးမှန်တယ်လို့ ဆိုလ်းရှားထောက်ခံ

ဘရူနိုဖာနန်ဒက်နဲ့ ၀က်စ်ဘရွန်းနောက်ခံလူ ဒေးဗဏ်ကိုတေးတို့ ဒုတိယပိုင်းအစမှာ ပင်နယ်တီဧရိယာထဲ ဖောင်းဘောဖြစ်ခဲ့တာကြောင့် ၀က်စ်ဘရွန်းတို့ပင်နယ်တီရခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က အစပိုင်းမှာ ပင်နယ်တီပေးပြီးမှ var ကြည့်ပြီး ပင်နယ်တီမပေးဖို့ ပြန်ဆုံးဖြတ်ခဲ့ကာ ပွဲကိုဆက်ကန်စေခဲ့ပါတယ်။ ၀က်စ်ဘရွန်းနည်းပြ ဘီလစ်ပေါက်ကွဲခဲ့ပြီး၊ ဒါဟာ ကျိန်းသေပင်နယ်တီပါလို့ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနဲပတော့ အမြင်မတူခဲ့ပါဘူး။ ၀က်စ်ဘရွန်းကို ပထမပင်နယ်တီပေးတာလည်း ဒိုင်မှန်ပြီး var ကြည့်ပြီးမှ ပင်နယ်တီကိုပြန်ဖျက်ခဲ့တာလည်း မှန်တယ်လို့ ထောက်ခံခဲ့ပါတယ်။ ပွဲအပြီး mutv နဲ့ အင်တာဗျူမှာ သူ့အမြင်ကို ဖွင့်ဟခဲ့ပြီး၊ ဆုံးဖြတ်ချက်တွေ အကုန်လုံးမှန်တဲ့အကြောင်းကို အခုလို ရှင်းပြခဲ့ပါတယ်။

” ကျွန်တော်အဲဒီတုန်းကတွေးတာကတော့ အဲဒါပင်နယ်တီပါ။ ဒါပေမဲ့ ဗီဒီယိုကို ပြန်ကြည့်လိုက်မယ်ဆိုရင် ဘရူနိုက ဘောလုံးကိုအရင်ထိလိုက်တာကို ခင်ဗျားတွေ့မိမှာပါ။ အဲဒါက ဘရိုက်တန်နဲ့ ဗီလာကန်တုန်းက ပွဲပြီးခါနီးမှာ ဗီလာကိုပင်နယ်တီမပေးဖို့ ဆုံးဖြတ်လိုက်တဲ့ ပုံစံမျိုးပါပဲ။ ဒိုင်လူကြီးစိတ်ထဲမှာ အဲဒီလိုရှိမှာပါ။ ပြောရရင် ဘရူနိုက ဘောလုံးအရင်ရတယ်။’

” တဖက်ကစားသမားကို မသိမသာလေးထိသွားတာမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒိုင်ဆုံးဖြတ်တာမှန်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါက var ဘယ်လိုအလုပ်လုပ်လဲဆိုတာပေါ့။ ပင်နယ်တီဟုတ်လားမဟုတ်လားဆိုတာမျိုးတွေကို ဆုံးဖြတ်လို့ရတယ်။ ကျွန်တော် လက်ထိဘောစည်းမျဉ်းကို သေချာမသိပါဘူး။ ကျွန်တော်တို့ဆိုရင်လည်း အဲဒီလိုအလုံးတွေအများကြီး ရှိခဲ့တာပဲ’

” ဒါပေမဲ့ ဖာနန်ဒက်ရလိုက်တဲ့ အလုံးကတော့ ရှင်းနေတာပဲ။ ဆိုရရင် သဘာဝအတိုင်းမဟုတ်တဲ့ ပုံစံမျိုးလေ။ ပင်နယ်တီမရခဲ့ရင်လည်း ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတွေအများကြီး ကျွန်တော်တို့ဖန်တီးနိုင်ခဲ့ပြီးသားပါ။ ဒါကြောင့်မလို့ ကျွန်တော်တို့ ပိုပြီး သက်သောင့်သက်သာဖြစ်တဲ့အနိုင်မျိုးနဲ့ထိုက်တန်ပါတယ်။’ လို့ဆိုခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ အခွင့်အရေးတွေကတော့ ပွဲထဲမှာ တကယ်ဖန်တီးနိုင်ခဲ့ပါတယ်။

ဝက်စ်ဘရွန်းနောက်တန်းနဲ့ ဂိုးသမားက ထင်မထားလောက်အောင်ကို ကောင်းမွန်ခဲ့ပြီး အပိုင်အခွင့်အရေး သုံးကြိမ်ထက်မနည်းကို ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ပင်နယ်တီဖြစ်လာမယ့် လက်ထိဘောရသွားခဲ့ချိန်မှသာ ခံစစ်ကဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ ဒါတောင်မှာ ဖာနန်ဒက်ပထမဆုံးအကြိမ်မ၀င်ခဲ့ချိန်၊ ပြန်ကန်ပြီး၊ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့လို့သာ ယူနိုက်တက်ရဲ့ ပထမဆုံးအိမ်ကွင်းနိုင်ပွဲကို ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *